ရွှေဝါရောင်ကြက်တူရွေး (Sun Conure)

မြန်မာအမည်-ရွှေဝါရောင်ကြက်တူရွေး
အင်္ဂလိပ်အမည်-Sun Conure
သိပ္ပံအမည်-Aratinga solstitialis

သက်ရှိပေါင်းများစွာသည် ကမ္ဘာမြေကြီး၏ ရေ ၊ လေ နှင့် မြေတို့တွင် အသီးသီး ရှင်သန်ကျက်စားနေလျက် ရှိကြပါတယ်။ ကမ္ဘာမြေကြီးအထက် ကောင်းကင်ယံတွင် ပျံဝဲ ရှင်သန်လျက်ရှိသည့် ငှက်မျိုးစိတ်ပေါင်း ၁၁,၀၀၀ ခန့်ထဲမှ ချစ်စဖွယ်ကောင်းသည့် ငှက်မျိုးစိတ်တစ်မျိုးမှာ ရွှေဝါရောင်ကြက်တူရွေးများ ဖြစ်ကြပါတယ်။
ရွှေဝါရောင်ကြက်တူရွေးများသည် ကြက်တူရွေးမျိုးစိတ်ဝင် တစ်မျိုးဖြစ်ပြီး တောင်အမေရိကတိုက်တွင် အဓိကရှင်သန်ကျက်စားကြပါတယ်။၎င်းတို့၏ ခန္ဓာကိုယ်အတိုင်းအတာသည် နှုတ်သီးဖျားမှ အမြီးထိပ်ဖျားပိုင်းအထိ အရှည် ၁၂လက်မခန့်ရှိပါတယ်။ ရွှေဝါရောင်ကြက်တူရွေးများတွင် အထီးနှင့် အမတို့မှာ အရွယ်အစား တူတူပင်ဖြစ်ကြပါတယ်။ သို့သော် တစ်ခါတစ်ရံတွင် ရွှေဝါရောင်ကြက်တူရွေးအထီးများမှာ အမများထက် အရောင်အသွေး ပိုမိုတောက်ပနေသည်ကို တွေ့ရှိရပါတယ်။ ၁၀၀ ဂရမ် မှ ၁၅၀ ဂရမ် အထိသာ လေးလံကြပြီး အရွယ်အစား သေးငယ်ပါတယ်။
ခန္ဓာကိုယ်အရောင်အသွေးစုံလင်သော ငှက်မျိုးစိတ်ဖြစ်သည့် ရွှေဝါရောင်ကြက်တူရွေးများ၏ ထူးခြားချက်တစ်ခုမှာ ၎င်းတို့၏ နိုင်ငံခြားအမည်နှင့် ခန္ဓာကိုယ်အရောင်အဆင်းတို့ကို ပနံသင့်စွာ အမည်ပေးထားခြင်းကြောင့် ဖြစ်ပါတယ်။ ၎င်းတို့၏ နိုင်ငံခြားအမည်မှာ “Sun Conure” ဖြစ်ပြီး ဤကဲ့သို့ ခေါ်ဆိုရခြင်းမှာ ၎င်းတို့ခန္ဓာကိုယ်၏ အရောင်အသွေးမှာ အဝါရောင်နှင့် လိမ္မော်ရောင် တောက်တောက်အမွေးများရှိပြီး နေထွက်ချိန်ရှုခင်းနှင့် အလားတူစွာ မြင်တွေ့ရခြင်းကြောင့် ဖြစ်ပါတယ်။
ရွှေဝါရောင်ကြက်တူရွေးများသည် ထိန်းသိမ်းစောင့်ရှောက်ထားသည့် နေရာများတွင် သက်တမ်း ၁၅ နှစ်မှ နှစ် ၃၀ အထိသာ နေထိုင်နိုင်ကြပါတယ်။ သဘာဝတောတွင်းထဲတွင် နေထိုင်ရှင်သန်နိုင်သည့် သက်တမ်းကာလကို မှတ်တမ်းတင်နိုင်ခြင်းမရှိသေးပါ။ ၎င်းတို့သည် အသီးများ၊နေကြာစေ့ နှင့် မြေပဲတို့ကို စားသုံးရသည်ကို နှစ်သက်ကြပါတယ်။
အသက် (၂) နှစ်ခန့်တွင် စတင်မိတ်လိုက်မျိုးပွားနိုင်သည့် အရွယ်သို့ ရောက်ကြပြီး တစ်သက်မှာ တစ်ယောက်သာလျှင် လက်တွဲဖော်အဖြစ်ထားသည့် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးကြသည့် ငှက်မျိုးစိတ်များလည်းဖြစ်ကြပါတယ်။
လိုက်လျောညီထွေစွာနှင့် ဖော်ရွေစွာနေထိုင်တတ်သည့် သဘာဝကြောင့် ရွှေဝါရောင် ကြက်တူရွေးများကို လူသားများက အိမ်မွေးငှက်များအနေဖြင့် မွေးမြူကြပြီး ၎င်းတို့၏ သွက်လက်သည့် စရိုက်လက္ခဏာနှင့် စူးစမ်းတတ်သည့် သဘာဝကြောင့် ကျွန်ုပ်တို့လူသားများက တွယ်တာယုယစွာ မွေးမြူချင်သည့် စိတ်ကို ပိုမိုတိုးပွားလာစေပါတယ်။
ထိုကဲ့သို့ ချစ်စဖွယ်အတိဖြစ်သည့် ငှက်ကလေးများသည် ငှက်ရောင်းဝယ်ရေးတွင် နာမည်ကြီးထင်ရှားသည့် မျိုးစိတ်တစ်မျိုး ဖြစ်သည့်အလျောက် ၎င်းတို့ကို နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချခြင်းများ မြင့်တက်လျက်ရှိကြပါတယ်။
အရောင်အသွေးစုံလင်စွာ လှပပြီး ချစ်စဖွယ်ကောင်းသည့် ငှက်မျိုးစိတ်တစ်မျိုးပျောက်ကွယ်မသွား‌ရေး ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ ကျွန်ုပ်တို့လူသားများ၏ တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်။
အရောင်အသွေးစုံလင်စွာလှပပြီး ချစ်စဖွယ်ကောင်းတဲ့ ရွှေဝါရောင်ကြက်တူရွေးလေးတွေရှိသလို အခြားလှပဆန်းပြားတဲ့ ငှက်မျိုးစိတ်များနှင့် ရှားပါးထူးဆန်းတဲ့ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ထားတာမို့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို လာရောက်လေ့လာ အပန်းဖြေလည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။