ဘာဘရီသိုး (BARBARY SHEEP)
မြန်မာအမည်- ဘာဘရီသိုး
အင်္ဂလိပ်အမည်- BARBARY SHEEP
သိပ္ပံအမည်- Ammotragus Lervia
🐐🐐🐐ဘာဘရီသိုးများဟာ အရွယ်အစားကြီးမားသော သိုးအကြီးစားများ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အညိုရောင်အမွေးများဖြင့် ဖုံးအုပ်ထားပါတယ်။ သို့သော်လည်း မေးစေ့၊ လည်တိုင်တစ်လျှောက်၊ ရင်ဘတ်နှင့် ရှေ့ခြေချောင်းများ၏ အတွင်းဘက်တွင် အဖြူရောင်အမွေးရှည်များဖြင့် ဖုံးအုပ်ထားပါသည်။ အဖြူရောင်အမွေးရှည်များကို ရင်ဘတ်မွေးဟုလည်းခေါ်ပါသည်။ အထီး/အမခွဲခြားရန် အလွန်လွယ်ကူပြီး အထီးများမှာ အမများထက် ခန္ဓာကိုယ်အရွယ်အစား ပိုကြီးပါတယ်။ အထီးရော အမပါ ဦးချို(ဂျို)များပါရှိပြီး ဦးချို(ဂျို)များမှာ နောက်ဘက်သို့ ကွေးပြီး ဂုတ်ပေါ်သို့ ပြန်လည်ကွေးညွှတ်နေပါသည်။ အမများ၏ဦးချိုများမှာ သေးငယ်သော်လည်း အထီးများကဲ့သို့ပင် ပါရှိပါသည်။ အထီးများ၏ဦးချိုသည် အမများ၏ ဦးချိုထက် ပိုမိုတုတ်ခိုင်ပါတယ်။ ရှည်လျားသော လည်ဆံမွေးများသည် လည်ပင်း၊ ရင်ဘတ်နှင့် ရှေ့ခြေထောက်များ၏ အရှေ့အထိ ဖုံးအုပ်ထားပါတယ်။ လည်ဆံမွေးများသည် အထီးများတွင်သာ ရင်ဘတ်နှင့် ရှေ့ခြေထောက်များအထိ ဖုံးအုပ်ထားသော်လည်း အမများတွင်မူ လည်ပင်းတစ်လျှောက်တွင်သာ ပါရှိပါတယ်။ အသီးအရွက်မျိုးစုံနှင့် မြက်ကို အဓိကစားသုံးသော သတ္တဝါဖြစ်ပါတယ်။ အရည်ရွှမ်းပြီး မြက်နှင့်တူသော အပင်များကို စားသုံးသည့်အတွက် ရေမသောက်ဘဲ ကာလကြာရှည်စွာ (တစ်နှစ်ခန့်) နေနိုင်ပါတယ်။ အဓိကအားဖြင့် ကျောက်တောင်ထူထပ်သောတောင်များ၊ ကျောက်နံရံ ချောက်ကမ်းပါးများတွင် နေထိုင်ပါတယ်။ သဘာဝတောများတွင် (၁၀) နှစ်ခန့် နေထိုင်နိုင်ပြီး၊ မွေးမြူထိန်းသိမ်းထားသည့် နေရာများတွင် အနှစ် (၂၀) ခန့် နေထိုင်နိုင်ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားပါတယ်။
ဘာဘရီသိုးများကဲ့သို့ ထူးဆန်းရှားပါးတဲ့ တောရိုင်းတိရစ္ဆာန်များရှိသလို အခြားဆန်းပြားလှပတဲ့ ငှက်မျိုးစိတ်များလည်းရှိတာမို့ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) သို့ လာရောက်လည်ပတ်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗