အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေး အသိပညာမြှင့်တင်ရေးနေ့
(International Vulture Awareness Day)
ကမ္ဘာပေါ်တွင် ကမ္ဘာဟောင်းလင်းတနှင့် ကမ္ဘာသစ်လင်းတဟူ၍ နှစ်မျိုးခွဲခြားထားပြီး စုစုပေါင်း လင်းတမျိုးစိတ် (၂၃) မျိုးရှင်သန်ပေါက်ဖွားနေထိုင်ပါတယ်၊မြန်မာနိုင်ငံမှာတွေ့ရသော လင်းတ(၆)မျိုးမှာ လင်းတနှုတ်သီးရှည်၊ လင်းတကျောဖြူ၊ လင်းတခေါင်းနီ၊ ဟိမဝန္တာလင်းတ၊ လင်းတဖြူနှင့် လင်းတမဲတို့ဖြစ်ပါတယ်၊
မြန်မာနိုင်ငံမှာ လင်းတများကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်တို့တွင် တွေ့ရှိရသော်လည်း အကောင်ရေ တဖြည်းဖြည်းလျော့နည်းကျဆင်းလာပြီး ၊ယခုအခါ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်သာ တွေ့ရှိရပါတော့တယ်၊
လင်းတများဟာ ပတ်ဝန်းကျင်ရှိ အသေကောင်များနှင့် အခြားသော အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းခြင်းဖြင့် အရေးကြီးသော ဂေဟစနစ်ဝန်ဆောင်မှုများကို ပေးနေသည့် ငှက်များလည်းဖြစ်ကြပါတယ်၊ သဘာဝတရားကြီးကိုလည်း အခမဲ့သန့်ရှင်းရေးပြုလုပ်ပေးနေသူများ ‘Nature’s Clean-Up Crew’ ဟု တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်၊
လူသားတို့အတွက် ရောဂါဖြစ်လာနိုင်သော အသေကောင်ပုပ်များကို စားသုံးပေးခြင်းဖြင့် ခွေးရူးရောဂါနှင့် တီဘီရောဂါကဲ့သို့သောရောဂါများပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူသားများကို များစွာကူညီပေးနေသောငှက်များ ဖြစ်ကြပါတယ်၊
လင်းတများဟာ နေထိုင်ရာနေရင်းဒေသ သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာခြင်း၊ လူအများ အခြေချနေထိုင်လာခြင်းနှင့် နေရင်း ဒေသများ ပျက်စီးဆုံးရှုံးလာခြင်း၊ ဓာတုဆေးဝါးများအသုံးပြုသည့်အတွက် အဆိပ်သင့်သေဆုံး နေသော အသေကောင်များကို စားသုံးမိခြင်း၊ အစားအစာရရှိရန် ခက်ခဲလာခြင်းတို့ကြောင့် လင်းတမျိုးစိတ် (၂၃) မျိုးအနက် ထက်ဝက်ကျော်သည် ခြိမ်းခြောက်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရပြီး အချို့သောမျိုးစိတ်များမှာ မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေသို့ ရောက်ရှိနေပါတယ်၊
သဘာဝဂေဟစနစ် ထိန်းသိမ်းရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပြီး သဘာဝပတ်ဝန်းကျင်ကို အခမဲ့သန့်ရှင်းရေးပြုလုပ်ပေးနေသည့်အပြင် ကူးစက်ရောဂါများကို မပြန့်ပွားစေရန် ထိန်းချုပ်ပေးနေသည့် လင်းတငှက်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါတယ်။